ခမည်းတော်သည် ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်ကို ပေးသနားတော်မူခြင်း
ပေါလုသည် ဂလာတိလူတို့အား မေးခွန်းတစ်ခုတည်း မေး၏။ ဝိညာဉ်တော်သည် ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် ရောက်လာသလော၊ သို့မဟုတ် ကြားရသည်ကို ယုံကြည်ခြင်းအားဖြင့် ရောက်လာသလော။ အာဗြဟံသည် သိနာတောင်မတိုင်မီ ကာလကြာမြင့်စွာကပင် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သူဟု မှတ်ယူခံရ၏။ ပညတ်တရားသည် ယာယီအုပ်ထိန်းသူဖြစ်ခဲ့၏။ ယခုမူ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သူတို့သည် ငါတို့၏ခမည်းတော်၏ သားသမီးများနှင့် အာဗြဟံ၏ အမွေခံများ ဖြစ်ကြ၏။
3 1မိုက်မဲသော ဂလာတိအမျိုးသားတို့၊ သင်တို့ကို အဘယ်သူ ပြုစားသနည်း။ ယေရှုခရစ်သည် လက်ဝါးကပ်တိုင်၌ အသေခံတော်မူကြောင်းကို သင်တို့မျက်မှောက်၌ ထင်ရှားစွာ ဖော်ပြခဲ့ပြီ။ 2ဤအကြောင်းတစ်ခုတည်းကိုသာ သင်တို့ထံမှ ငါသိလို၏။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ပညတ်တရား၏အကျင့်အားဖြင့် ခံယူကြသလော၊ သို့မဟုတ် ယုံကြည်ခြင်းဖြင့် ကြားနာခြင်းအားဖြင့် ခံယူကြသလော။ 3သင်တို့သည် ဤမျှလောက် မိုက်မဲကြသလော။ ဝိညာဉ်တော်ဖြင့် အစပြုခဲ့ပြီးမှ ယခု လူ့အားထုတ်မှုဖြင့် စုံလင်ခြင်းသို့ ရောက်ကြမည်လော။ 4သင်တို့သည် များစွာသော ဆင်းရဲဒုက္ခတို့ကို အချည်းနှီးခံခဲ့ကြသလော။ အကယ်၍ အမှန်ပင် အချည်းနှီးဖြစ်ခဲ့လျှင်ပေါ့။ 5သို့ဖြစ်လျှင် သင်တို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ရက်ရောစွာ ပေးသနား၍ သင်တို့တွင် အံ့ဖွယ်အမှုတို့ကို ပြုတော်မူသော ငါတို့၏ခမည်းတော်သည် ဤသို့ ပြုတော်မူခြင်းကို ပညတ်တရား၏အကျင့်အားဖြင့်လော၊ သို့မဟုတ် ယုံကြည်ခြင်းဖြင့် ကြားနာခြင်းအားဖြင့်လော။ 6အာဗြဟံ၌လည်း ဤအတိုင်းဖြစ်၏။ “သူသည် ငါတို့၏ခမည်းတော်ကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။” 7သို့ဖြစ်၍ ယုံကြည်ခြင်းရှိသူတို့သည် အာဗြဟံ၏သားသမီးများ ဖြစ်ကြကြောင်း နားလည်ကြလော့။
8ငါတို့၏ခမည်းတော်သည် လူမျိုးတကာတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်ကို ကျမ်းစာက ကြိုတင်မြင်သဖြင့် အာဗြဟံအား “သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံစားရကြလိမ့်မည်” ဟူသော သတင်းကောင်းကို ကြိုတင်ဟောကြားခဲ့၏။
9သို့ဖြစ်၍ ယုံကြည်ခြင်းရှိသူတို့သည် ယုံကြည်သူ အာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာကို ခံစားရကြ၏။
10ပညတ်တရား၏အကျင့်ကို အားကိုးသူအပေါင်းတို့သည် ကျိန်ခြင်းအောက်၌ ရှိကြ၏။ အကြောင်းမူကား “ပညတ္တိကျမ်းစာ၌ ရေးထားသမျှကို အစဉ်မပြတ် မကျင့်သောသူတိုင်းသည် ကျိန်ခြင်းကိုခံစေ” ဟု ရေးထားသောကြောင့်တည်း။ 11ပညတ်တရားအားဖြင့် မည်သူမျှ ငါတို့၏ခမည်းတော်ရှေ့တော်၌ ဖြောင့်မတ်ရာမရောက်နိုင်ကြောင်း ထင်ရှား၏။ အကြောင်းမူကား “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။” 12သို့ရာတွင် ပညတ်တရားသည် ယုံကြည်ခြင်းအပေါ်၌ အခြေမပြုဘဲ “ထိုအကျင့်တို့ကို ကျင့်သောသူသည် ထိုအကျင့်တို့အားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆို၏။
13ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းကိုခံတော်မူသဖြင့် ပညတ်တရား၏ကျိန်ခြင်းမှ ငါတို့ကို ရွေးနုတ်တော်မူ၏။ အကြောင်းမူကား “သစ်တိုင်၌ ဆွဲထားခြင်းခံရသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏” ဟု ကျမ်းစာက ဆို၏။ 14အာဗြဟံ၏ကောင်းချီးမင်္ဂလာသည် ယေရှုခရစ်၌ လူမျိုးတကာတို့ထံသို့ ရောက်စေရန်နှင့် ကတိတော်ရှိသော သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ခံယူရစေရန် ကိုယ်တော်သည် ဤသို့ ပြုတော်မူ၏။
ကတိတော်တည်မြဲ၍ ပညတ်တရားအစေခံ၏
15ညီအစ်ကိုမောင်နှမတို့၊ လူတို့၏ထုံးစံအတိုင်း ငါပြောဆိုပါရစေ။ တရားဝင်အတည်ပြုပြီးသော လူ့ပဋိညာဉ်ကို မည်သူမျှ ပယ်ဖျက်ခြင်းသော်လည်းကောင်း၊ ထပ်ဖြည့်ခြင်းသော်လည်းကောင်း မပြုနိုင်။ 16ကတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်အား မိန့်တော်မူ၏။ “အမျိုးအနွယ်တို့အား” ဟု အများကိန်းဖြင့် မဆိုဘဲ “သင်၏အမျိုးအနွယ်အား” ဟု အနည်းကိန်းဖြင့် ဆို၏။ ထိုအမျိုးအနွယ်ကား ခရစ်တော်ပေတည်း။ 17ငါဆိုလိုသည်ကား ဤသို့တည်း။ နှစ်ပေါင်း ၄၃၀ ကြာမှ ပေါ်လာသော ပညတ်တရားသည် ငါတို့၏ခမည်းတော် ယခင်က အတည်ပြုတော်မူပြီးသော ပဋိညာဉ်ကို ပယ်ဖျက်၍ ကတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။ 18အမွေသည် ပညတ်တရားအားဖြင့် ဖြစ်လျှင် ကတိတော်အားဖြင့် မဖြစ်တော့ပြီ။ သို့ရာတွင် ငါတို့၏ခမည်းတော်သည် အာဗြဟံအား ကတိတော်အားဖြင့် ထိုအမွေကို ပေးသနားတော်မူ၏။
19သို့ဖြစ်လျှင် ပညတ်တရားကား အဘယ်ကြောင့်နည်း။ ကတိတော်ခံရသော အမျိုးအနွယ် ကြွလာသည့်တိုင်အောင် အပြစ်ဒုစရိုက်တို့ကြောင့် ထည့်သွင်းခဲ့ခြင်းဖြစ်၏။ ထိုပညတ်တရားကို ကောင်းကင်တမန်တို့အားဖြင့် အာမခံသူ၏လက်ဖြင့် စီမံပေးအပ်ခဲ့၏။ a a v19 ဘုရားသခင်သည် သိနာတောင်ပေါ်၌ ကောင်းကင်တမန်တို့ကို ကြားခံ၍ ပညတ်တရားကို မောရှေအား ပေးအပ်တော်မူသည်ဟု ဂျူးလူမျိုးတို့၏ အစဉ်အလာက ယူဆခဲ့၏။ 20အာမခံသူဆိုသည်မှာ တစ်ဖက်တည်းအတွက် မဟုတ်။ သို့ရာတွင် ငါတို့၏ခမည်းတော်သည် တစ်ပါးတည်း ဖြစ်တော်မူ၏။
21သို့ဖြစ်လျှင် ပညတ်တရားသည် ငါတို့၏ခမည်းတော်၏ကတိတော်တို့နှင့် ဆန့်ကျင်သလော။ အလျှင်းမဆန့်ကျင်။ အကယ်၍ ပညတ်တရားသည် အသက်ကိုပေးနိုင်ခဲ့လျှင် ဖြောင့်မတ်ခြင်းသည် အမှန်ပင် ပညတ်တရားအားဖြင့် ဖြစ်လိမ့်မည်။ 22သို့ရာတွင် ကတိတော်ကို ယုံကြည်သူတို့အား ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ပေးသနားစေရန် ကျမ်းစာသည် ခပ်သိမ်းသောအရာကို အပြစ်၏လက်အောက်၌ ချုပ်ထားလေ၏။
23ယုံကြည်ခြင်းမရောက်မီ ငါတို့သည် ပညတ်တရားအောက်၌ စောင့်ကြပ်ခြင်းကိုခံ၍ ပေါ်ထွန်းလတ္တံ့သော ယုံကြည်ခြင်း ထင်ရှားသည့်တိုင်အောင် ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။ 24သို့ဖြစ်၍ ယုံကြည်ခြင်းအားဖြင့် ငါတို့ ဖြောင့်မတ်ရာရောက်စေရန် ပညတ်တရားသည် ခရစ်တော်ထံသို့ ပို့ဆောင်သည့်တိုင်အောင် ငါတို့၏ အုပ်ထိန်းသူ ဖြစ်ခဲ့၏။ 25ယခုမူ ယုံကြည်ခြင်း ရောက်လာပြီဖြစ်၍ ငါတို့သည် အုပ်ထိန်းသူ၏လက်အောက်၌ မရှိတော့ပြီ။
ယုံကြည်ခြင်းအားဖြင့် ခမည်းတော်၏သားသမီးများ
26အကြောင်းမူကား သင်တို့အပေါင်းသည် ယေရှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ငါတို့၏ခမည်းတော်၏သားသမီးများ ဖြစ်ကြ၏။ 27အကြောင်းမူကား ခရစ်တော်၌ ဗတ္တိဇံခံယူကြသော သင်တို့အပေါင်းသည် ခရစ်တော်ကို ဝတ်ဆင်ကြပြီ။ 28ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ကွာခြားခြင်းမရှိ။ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ကွာခြားခြင်းမရှိ။ ယောက်ျား၊ မိန်းမ ကွာခြားခြင်းမရှိ။ အကြောင်းမူကား သင်တို့အပေါင်းသည် ယေရှုခရစ်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။ 29သင်တို့သည် ခရစ်တော်နှင့် ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အတိုင်း အမွေခံတို့ ဖြစ်ကြ၏။