သားတော် ယေရုရှလင်မြို့သို့ ကြွဝင်တော်မူခြင်း
ယေရှုသည် ငှားယူထားသော မြည်းကလေးကို စီး၍ ဟောရှန္န ဟူသော ကြွေးကြော်သံများကြားတွင် ယေရုရှလင်မြို့သို့ ဝင်တော်မူ၏။ အသီးမသီးသော သင်္ဘောသဖန်းပင်ကို ကျိန်တော်မူ၍၊ ခမည်းတော်၏ အိမ်တော်ထဲမှ ကုန်သည်တို့ကို နှင်ထုတ်တော်မူရာ၊ ထိုအမှုကြောင့် ယဇ်ပုရောဟိတ်ကြီးတို့သည် ကိုယ်တော်ကို သတ်ရန် ဆုံးဖြတ်ကြ၏။ အဘယ်အခွင့်အာဏာဖြင့် ပြုသနည်းဟု မေးသောအခါ ကိုယ်တော်သည် ယောဟန်အကြောင်းကို သူတို့အား ပြန်မေးတော်မူ၏။
11 1ယေရုရှလင်မြို့အနီးသို့ ရောက်၍ သံလွင်တောင်အနီးရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်သောအခါ ယေရှုသည် တပည့်တော်နှစ်ဦးကို ရှေ့သို့ စေလွှတ်တော်မူလျက်
2သူတို့အား “သင်တို့ရှေ့ရှိ ရွာထဲသို့ ဝင်ကြလော့။ ဝင်သည်နှင့်တစ်ပြိုင်နက် အဘယ်သူမျှ မစီးဖူးသော မြည်းကလေးတစ်ကောင်ကို ချည်နှောင်ထားသည်ကို တွေ့ကြလိမ့်မည်။ ထိုမြည်းကို ဖြည်၍ ဤအရပ်သို့ ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
3တစ်စုံတစ်ယောက်က “အဘယ်ကြောင့် ဤသို့ ပြုကြသနည်း” ဟု သင်တို့အား မေးလျှင်၊ “သခင်သည် ဤမြည်းကို အလိုရှိတော်မူ၍ ချက်ချင်းပင် ဤအရပ်သို့ ပြန်ပို့တော်မူမည်” ဟု ဖြေကြလော့။
4တပည့်တော်တို့သည် သွား၍ လမ်းမပေါ်ရှိ တံခါးဝ၌ ချည်နှောင်ထားသော မြည်းကလေးကို တွေ့သဖြင့် ဖြည်ကြ၏။ 5ထိုအရပ်တွင် ရပ်နေသူအချို့က “ထိုမြည်းကို ဖြည်၍ အဘယ်သို့ ပြုကြသနည်း” ဟု သူတို့အား မေးကြ၏။ 6ယေရှု မှာထားတော်မူသည့်အတိုင်း တပည့်တော်တို့က ဖြေကြသဖြင့် ထိုသူတို့သည် သွားခွင့်ပြုကြ၏။ 7မြည်းကလေးကို ယေရှုထံတော်သို့ ဆောင်ခဲ့၍ မိမိတို့၏ဝတ်လုံများကို မြည်းကျောပေါ်တွင် တင်ကြပြီးလျှင် ကိုယ်တော်သည် မြည်းပေါ်သို့ စီးတော်မူ၏။ 8လူအများက မိမိတို့၏ဝတ်လုံများကို လမ်းပေါ်တွင် ခင်းကြ၍ အချို့ကမူ လယ်ကွင်းများမှ ခုတ်ယူသော အရွက်ပါသော သစ်ကိုင်းများကို ခင်းကြ၏။ 9ရှေ့ကသွားသူများနှင့် နောက်ကလိုက်ပါသူများသည် “ဟောရှန္န၊ ငါတို့၏ခမည်းတော်၏နာမတော်ဖြင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ 10ကြွလာလတ္တံ့သော ငါတို့အဖ ဒါဝိဒ်၏နိုင်ငံသည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးအရပ်၌ ဟောရှန္န ဖြစ်စေသတည်း။”
11ယေရှုသည် ယေရုရှလင်မြို့သို့ ဝင်၍ ဗိမာန်တော်ထဲသို့ ဝင်တော်မူပြီးလျှင် ခပ်သိမ်းသောအရာတို့ကို လှည့်ကြည့်တော်မူ၏။ ထိုအခါ နေ့အချိန်လွန်မြောက်နေပြီဖြစ်သောကြောင့် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွထွက်တော်မူ၏။
ယေရှု သင်္ဘောသဖန်းပင်ကို ကျိန်တော်မူခြင်း
12နောက်တစ်နေ့တွင် ဗေသနိရွာမှ ထွက်ခွာကြစဉ် ယေရှုသည် ဆာလောင်တော်မူ၏။ 13အရွက်ထူထပ်သော သင်္ဘောသဖန်းပင်တစ်ပင်ကို အဝေးမှ မြင်တော်မူသဖြင့် အသီးရှိမရှိ ကြည့်ရန် ထိုအပင်သို့ ကြွသွားတော်မူ၏။ ရောက်သောအခါ အရွက်များမှတစ်ပါး အဘယ်အသီးမျှ မတွေ့တော်မူ။ အကြောင်းမူကား သင်္ဘောသဖန်းသီး သီးချိန်မဟုတ်သေး။
14ထိုအခါ ကိုယ်တော်က “သင်၏အသီးကို နောင်မည်သူမျှ မစားရစေနှင့်” ဟု ထိုအပင်အား မိန့်တော်မူ၏။ ထိုစကားကို တပည့်တော်တို့ ကြားကြ၏။
ယေရှု ခမည်းတော်၏အိမ်တော်ကို သန့်စင်စေတော်မူခြင်း
15ယေရုရှလင်မြို့သို့ ရောက်ကြသောအခါ ယေရှုသည် ဗိမာန်တော်ထဲသို့ ဝင်၍ ထိုအရပ်၌ ရောင်းဝယ်နေသူတို့ကို နှင်ထုတ်စပြုတော်မူ၏။ ငွေလဲလှယ်သူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ ထိုင်ခုံများကို မှောက်လှန်တော်မူ၍ 16ဗိမာန်တော်တံတိုင်းအတွင်း၌ ကုန်ပစ္စည်းသယ်ဆောင်ရန် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။
17ကိုယ်တော်က “‘ငါ့အိမ်တော်ကို လူမျိုးအပေါင်းတို့အဖို့ ဆုတောင်းရာအိမ်ဟု ခေါ်ဝေါ်ကြလိမ့်မည်’ ဟု ကျမ်းစာ၌ ရေးထားသည် မဟုတ်လော။ သို့ရာတွင် သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီ” ဟု သူတို့အား သွန်သင်တော်မူ၏။
18ယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများသည် ထိုစကားကို ကြားကြသဖြင့် ကိုယ်တော်ကို သုတ်သင်ဖျက်ဆီးရန် နည်းလမ်းရှာကြ၏။ အကြောင်းမူကား လူအစုအဝေးအားလုံးသည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩကြသောကြောင့် သူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
19ညနေချမ်းအချိန်ရောက်သောအခါ သူတို့သည် မြို့ပြင်သို့ ထွက်သွားကြ၏။
20နံနက်ချိန်၌ လမ်းလျှောက်သွားကြစဉ် ထိုသင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ ညှိုးနွမ်းခြောက်သွေ့နေသည်ကို တွေ့ကြ၏။ 21ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကြည့်တော်မူပါ။ ကိုယ်တော် ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပါပြီ” ဟု ကိုယ်တော်အား လျှောက်၏။
22ယေရှုက “ငါတို့၏ခမည်းတော်ကို ယုံကြည်ကြလော့။ 23အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ မည်သူမဆို ဤတောင်ကို ‘နေရာမှ ကြွ၍ ပင်လယ်ထဲသို့ ကျဆင်းလော့’ ဟုဆို၍ စိတ်နှလုံးထဲတွင် မယုံမှားဘဲ မိမိဆိုသည့်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျှင် ထိုသူအဖို့ ထိုအတိုင်း ဖြစ်လိမ့်မည်။ 24ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည် ဆုတောင်း၍ တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်ကြလော့။ သို့ပြုလျှင် ထိုအရာကို ရကြလိမ့်မည်။ 25ဆုတောင်းရန် ရပ်နေကြသောအခါ သူတစ်ပါးအပေါ် ပြစ်မှားမှုတစ်စုံတစ်ရာ သင်တို့၌ရှိလျှင် ထိုအပြစ်ကို ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏ခမည်းတော်သည်လည်း သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။” a a v25 အစောဆုံး ကျမ်းစာမူများတွင် ဤနေရာ၌ အခန်းငယ် ၂၆ မပါရှိပေ။ နောက်ပိုင်းမိတ္တူများတွင် “သင်တို့သည် မခွင့်လွှတ်ကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏ခမည်းတော်သည်လည်း သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်” ဟူသော စကားကို ထည့်သွင်းထားကြ၏။
မည်သူ၏အခွင့်အာဏာဖြင့်နည်း
27သူတို့သည် ယေရုရှလင်မြို့သို့ ပြန်ရောက်ကြ၏။ ယေရှုသည် ဗိမာန်တော်အတွင်း၌ စင်္ကြံသွားတော်မူစဉ် ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ လာကြ၍ 28“ကိုယ်တော်သည် အဘယ်အခွင့်အာဏာဖြင့် ဤအမှုတို့ကို ပြုတော်မူသနည်း။ သို့မဟုတ် ဤသို့ပြုရန် ဤအခွင့်အာဏာကို ကိုယ်တော်အား အဘယ်သူ ပေးသနည်း” ဟု မေးလျှောက်ကြ၏။
29ယေရှုက “သင်တို့အား ငါတစ်ခွန်းမေးမည်။ ငါ့အား ဖြေကြလော့။ သို့ပြုလျှင် အဘယ်အခွင့်အာဏာဖြင့် ဤအမှုတို့ကို ငါပြုသည်ကို သင်တို့အား ငါပြောမည်။ 30ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှ လာသလော၊ သို့မဟုတ် လူမှ ဖြစ်သလော။ ငါ့အား ဖြေကြလော့” ဟု မိန့်တော်မူ၏။
31သူတို့သည် အချင်းချင်း ဆွေးနွေးကြသည်ကား “‘ကောင်းကင်မှ’ ဟု ငါတို့ဆိုလျှင် ‘သို့ဖြစ်လျှင် အဘယ်ကြောင့် သူ့ကို မယုံကြည်ကြသနည်း’ ဟု သူမေးလိမ့်မည်။ 32သို့ရာတွင် ‘လူမှ’ ဟု ဆိုလျှင်မူ” ဟု ဆိုရန်ကိုကား သူတို့သည် လူအစုအဝေးကို ကြောက်ရွံ့ကြ၏။ အကြောင်းမူကား လူအားလုံးက ယောဟန်သည် စစ်မှန်သော ပရောဖက်အမှန်ဖြစ်သည်ဟု ယူဆကြသောကြောင့်တည်း။
33သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုအား ဖြေကြ၏။ ယေရှုက “သို့ဖြစ်လျှင် အဘယ်အခွင့်အာဏာဖြင့် ဤအမှုတို့ကို ငါပြုသည်ကို သင်တို့အား ငါလည်း မပြောပြီ” ဟု မိန့်တော်မူ၏။