ပညာကို မြဲမြံစွာ ဆုပ်ကိုင်လော့
ပြတင်းပေါက်မှ ကြည့်နေသော ဖခင်တစ်ဦးသည် မိမိမြင်ခဲ့သည်ကို ပြန်ပြော၏။ ဥာဏ်မဲ့သော လူငယ်တစ်ဦးသည် နေဝင်ချိန်တွင် အိမ်တစ်အိမ်ဆီသို့ လျှောက်သွား၍ အကြံအစည်ရှိပြီး မိမိခင်ပွန်း ခရီးထွက်နေကြောင်း သိသော မိန်းမတစ်ဦးနှင့် တွေ့ဆုံ၏။ သူသည် သတ်ရာသို့ သွားသော နွားကဲ့သို့ နောက်သို့ လိုက်သွား၏။
7 1ငါ့သား၊ ငါ၏စကားတို့ကို စောင့်ထိန်း၍ ငါ၏ပညတ်တို့ကို သင်၏အတွင်း၌ သိုမှီးထားလော့။
2ငါ၏ပညတ်တို့ကို စောင့်ထိန်း၍ အသက်ရှင်လော့၊ ငါ၏သြဝါဒကို သင်၏မျက်စိ၏မျက်ဆန်သဖွယ် စောင့်ရှောက်လော့။ 3ထိုပညတ်တို့ကို သင်၏လက်ချောင်းတို့၌ ချည်နှောင်လော့၊ သင်၏နှလုံးပြားပေါ်၌ ရေးမှတ်လော့။
4ပညာအား “သင်သည် ငါ့နှမဖြစ်၏” ဟု ဆိုလော့၊ ဉာဏ်ပညာကိုလည်း သင်၏ရင်းနှီးဆုံးမိတ်ဆွေဟု ခေါ်လော့၊ 5ထိုသို့ပြုခြင်းဖြင့် တားမြစ်ထားသောမိန်းမထံမှလည်းကောင်း၊ ချော့မော့သောစကားပြောတတ်သော သူစိမ်းမိန်းမထံမှလည်းကောင်း သင့်ကို ကာကွယ်စောင့်ရှောက်စေရန်တည်း။
6အကြောင်းမူကား၊ ငါ၏အိမ်ပြတင်းပေါက်မှ ငါ၏ကွက်လပ်ကြားဖြင့် ငါငုံ့၍ကြည့်သောအခါ၊ 7အသိဉာဏ်မဲ့သူတို့တွင် ငါမြင်၍၊ လုလင်တို့တွင် ဉာဏ်ပညာကင်းမဲ့သော လူငယ်တစ်ဦးကို ငါသတိပြုမိ၏။ 8ထိုသူသည် ထိုမိန်းမ၏လမ်းထောင့်အနီး လမ်းမကိုဖြတ်သန်း၍ ထိုမိန်းမ၏အိမ်သို့ သွားရာလမ်းကို လျှောက်လေ၏။ 9နေဝင်ဆည်းဆာအချိန်၊ နေ့အလင်းရောင်မှိန်သွားသောအခါ၊ ညဥ့်အမှောင်ထုနှင့် တိတ်ဆိတ်မှောင်မိုက်ချိန်၌တည်း။
10ထိုအခါ ပြည်တန်ဆာကဲ့သို့ဝတ်ဆင်ကာ စိတ်နှလုံး၌ ပရိယာယ်ပြည့်သော မိန်းမတစ်ဦးသည် ထိုသူကို ကြိုဆိုရန် ထွက်လာ၏။ 11ထိုမိန်းမသည် ဆူညံ၍ ခေါင်းမာ၏၊ သူ၏ခြေတို့သည် အိမ်၌ မနေတတ်ပေ။ 12တစ်ခါလမ်းမပေါ်တွင်၊ တစ်ခါ ရင်ပြင်များ၌ ရှိ၍ လမ်းထောင့်တိုင်း၌ ချောင်းမြောင်းလျက်နေ၏။ 13ထိုမိန်းမသည် သူ့ကိုဖမ်းကိုင်၍ နမ်းရှုပ်ပြီးလျှင် မျက်နှာပြောင်တိုက်စွာ သူ့အား ဤသို့ဆို၏။
14“ငါ၌ ပူဇော်ရန် မိဿဟာယယဇ်များရှိခဲ့ရာ၊ ယနေ့ ငါ၏ကတိသစ္စာတို့ကို ဖြေဆည်ပြီးပြီ။ a a v14 မိဿဟာယယဇ်ကို စားသောက်ပွဲအဖြစ် ဝေမျှစားသုံးကြသည်။ ထိုမိန်းမက မိမိအိမ်၌ စားစရာအသင့်ရှိ၍ ပျော်ပွဲခံစရာအကြောင်းရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ 15ထို့ကြောင့် သင့်ကိုကြိုဆိုရန် ငါထွက်လာ၍ သင့်ကို စိတ်အားထက်သန်စွာ ရှာဖွေရာ ယခုတွေ့ရှိပြီ။ 16ငါ၏အိပ်ရာကို အခင်းတို့ဖြင့်၎င်း၊ အဲဂုတ္တုပြည်ထွက် အရောင်စုံ ပိတ်ချောတို့ဖြင့်၎င်း ငါခင်းထားပြီ။ 17ငါ၏အိပ်ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးတို့ဖြင့် ငါမွှေးကြိုင်စေပြီ။ 18လာလော့၊ နံနက်တိုင်အောင် ချစ်ခြင်းမေတ္တာကို အဝခံစားကြကုန်စို့၊ အချစ်၌ မိမိတို့ကိုယ်ကို မေ့ပျော်ကြကုန်စို့။ 19အကြောင်းမူကား၊ ငါ၏ခင်ပွန်းသည် အိမ်၌မရှိ၊ ခရီးရှည်သို့ ထွက်သွားလေပြီ။ 20သူသည် ငွေအိတ်တစ်လုံးကို ယူဆောင်သွား၍ လပြည့်နေ့မတိုင်မီ အိမ်သို့ ပြန်လာလိမ့်မည်မဟုတ်။”
21ထိုမိန်းမသည် ဖြားယောင်းတတ်သောစကားများဖြင့် သူ့ကို ဖြားယောင်း၍ ချော့မော့သောနှုတ်ခမ်းဖြင့် သူ့ကို ဆွဲဆောင်လေ၏။ 22ချက်ချင်းပင် ထိုသူသည် သတ်ရန်ပို့ဆောင်ခြင်းခံရသော နွားကဲ့သို့၊ ကျော့ကွင်းသို့ နင်းမိသောသမင်ကဲ့သို့ ထိုမိန်းမနောက်သို့ လိုက်သွား၏။ 23မြားတစ်စင်းသည် ၎င်း၏အသည်းကို ထိုးဖောက်သည့်တိုင်အောင်ပင်၊ ထောင်ချောက်ထဲသို့ အပြေးဝင်သောငှက်ကဲ့သို့ ဖြစ်၍ ထိုအမှုက မိမိအသက်ကို ဆုံးရှုံးစေမည်ကို ထိုသူမသိပေ။
24သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့၊ ငါပြောသောစကားကို အာရုံစိုက်ကြလော့။ 25သင်၏စိတ်နှလုံးကို ထိုမိန်းမ၏လမ်းသို့ မလွှဲစေနှင့်၊ သူ၏လမ်းကြောင်းများ၌ လမ်းမလွဲပါစေနှင့်။ 26အကြောင်းမူကား၊ ထိုမိန်းမသည် လူအများကို လဲကျစေခဲ့ပြီ၊ သူ့ကြောင့် သေကျေပျက်စီးခဲ့သူတို့သည် အလွန်များပြားကြ၏။ 27ထိုမိန်းမ၏အိမ်သည် မရဏနိုင်ငံသို့ သွားရာလမ်းဖြစ်၍ သေမင်း၏အခန်းများသို့ ဆင်းသက်ရာဖြစ်၏။