ဣသရေလအမျိုးကိုစုံစမ်းရန်ချန်ထားသောလူမျိုးများ
ဣသရေလသည် နားထောင်မည်မနားထောင်မည်ကို စုံစမ်းရန် လူမျိုးများကို ပြည်၌ ချန်ထားတော်မူ၏။ ဣသရေလသည် မိမိတို့၏ခမည်းတော်ကို မေ့လျော့သောအခါ ကုရှန်ရိရှသိမ်သည် ဩသံယေလ ပေါ်ထွန်းလာသည်တိုင်အောင် ရှစ်နှစ်ပတ်လုံး အုပ်စိုး၏။ နောက်ပိုင်း၌ လက်ဝဲသန်သော ဧဟုဒ်သည် ဓားတစ်လက်ကို မိမိ၏ညာဘက်ပေါင်၌ ဝှက်ထား၍ ဝဖြိုးသော ဧဂလုန်မင်းကို သူ၏အထက်ခန်း၌ သတ်ပြီးလျှင် တံခါးကို သော့ခတ်ခဲ့၏။
3 1ခါနာန်ပြည်၏စစ်ပွဲတစ်စုံတစ်ရာကိုမျှ မသိဖူးသော ဣသရေလအမျိုးသားအပေါင်းကို စုံစမ်းရန် ငါတို့၏ခမည်းတော်ချန်ထားတော်မူသော လူမျိုးများကား ဤသို့တည်း။ 2(ယခင်ကစစ်မှုကိုမသိဖူးသော ဣသရေလအမျိုးဆက်တို့အား စစ်တိုက်ခြင်းကိုသင်ကြားစေရန်သာလျှင် ဤအမှုကိုပြုတော်မူ၏။)။ 3ထိုလူမျိုးများကား ဖိလိတ္တိမင်းငါးပါး၊ ခါနာန်အမျိုးသားအပေါင်း၊ ဇိဒုန်အမျိုးသားများနှင့် ဗာလဟေရမုန်တောင်မှ ဟာမတ်မြို့ဝင်ဝအထိ လေဗနုန်တောင်များ၌နေထိုင်ကြသော ဟိဝိအမျိုးသားများဖြစ်ကြ၏။ 4ထိုလူမျိုးတို့သည် မောရှေအားဖြင့် ဘိုးဘေးတို့အားပေးတော်မူသော ငါတို့၏ခမည်းတော်၏ပညတ်တော်များကို ဣသရေလအမျိုးသားတို့ နာခံမည်မနာခံမည်ဟူ၍ သူတို့ကိုစုံစမ်းရန်ဖြစ်သတည်း။ 5သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် ခါနာန်၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိနှင့် ယေဗုသိအမျိုးသားတို့အလယ်၌ နေထိုင်ကြ၏။ 6ထိုလူမျိုးတို့၏သမီးများနှင့်အိမ်ထောင်ပြု၍ မိမိတို့၏သမီးများကိုလည်း သူတို့၏သားတို့အားပေးစားကာ သူတို့၏ဘုရားများကိုဝတ်ပြုကြ၏။
ခမည်းတော်သည်ဩသံယေလကိုခန့်ထားတော်မူခြင်း
7ဣသရေလအမျိုးသားတို့သည် ငါတို့၏ခမည်းတော်ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ မိမိတို့၏ခမည်းတော်ကိုမေ့လျော့ကာ ဗာလဘုရားများနှင့် အာရှရပင်များကိုဝတ်ပြုကြ၏။ 8ထို့ကြောင့် ငါတို့၏ခမည်းတော်သည် ဣသရေလအမျိုးအပေါ် အမျက်တော်ထွက်တော်မူ၍ အာရံနဟာရိမ်ရှင်ဘုရင် ကုရှန်ရိရှသိမ်၏လက်သို့ သူတို့ကိုရောင်းချတော်မူ၏။ ဣသရေလအမျိုးသည်လည်း ကုရှန်ရိရှသိမ်ထံ၌ ရှစ်နှစ်ပတ်လုံးကျွန်ခံရ၏။ 9ဣသရေလအမျိုးသားတို့သည် ငါတို့၏ခမည်းတော်ထံ ဟစ်အော်ကြသောအခါ ကိုယ်တော်သည် သူတို့ကိုကယ်တင်မည့်သူတစ်ဦးကို ခန့်ထားတော်မူ၏။ ထိုသူကား ကာလက်၏ညီ၊ ကေနတ်၏သား ဩသံယေလဖြစ်၍ သူတို့ကိုကယ်တင်လေ၏။ 10ငါတို့၏ခမည်းတော်၏ဝိညာဉ်တော်သည် သူ့အပေါ်သက်ရောက်တော်မူ၍ သူသည် ဣသရေလအမျိုးကိုအုပ်စိုးလေ၏။ စစ်ချီသွားသောအခါ ငါတို့၏ခမည်းတော်သည် အာရံရှင်ဘုရင် ကုရှန်ရိရှသိမ်ကို သူ့လက်သို့အပ်တော်မူသဖြင့် သူသည် ကုရှန်ရိရှသိမ်ကိုနိုင်လေ၏။ 11ထိုအခါ ကေနတ်၏သား ဩသံယေလ မသေမချင်း တိုင်းပြည်သည် အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။
ခမည်းတော်သည်ဧဟုဒ်ကိုခန့်ထားတော်မူခြင်း
12ဣသရေလအမျိုးသားတို့သည် ငါတို့၏ခမည်းတော်ရှေ့တော်၌ တစ်ဖန်ဒုစရိုက်ကိုပြုကြ၏။ ဤသို့ဒုစရိုက်ကိုပြုကြသောကြောင့် ငါတို့၏ခမည်းတော်သည် ဣသရေလအမျိုးတစ်ဘက်၌ မောဘရှင်ဘုရင်ဧဂလုန်ကို ခွန်အားကြီးစေတော်မူ၏။ 13ဧဂလုန်သည် အမ္မုန်အမျိုးနှင့် အာမလက်အမျိုးသားတို့ကိုစုရုံး၍ ချီသွားကာ ဣသရေလအမျိုးကိုတိုက်ခိုက်ပြီးလျှင် စွန်ပလွံပင်မြို့ကိုသိမ်းယူကြ၏။ 14ဣသရေလအမျိုးသားတို့သည် မောဘရှင်ဘုရင် ဧဂလုန်ထံ၌ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး ကျွန်ခံကြ၏။ 15ဣသရေလအမျိုးသားတို့သည် ငါတို့၏ခမည်းတော်ထံ တစ်ဖန်ဟစ်အော်ကြသောအခါ ကိုယ်တော်သည် လက်ဝဲသန်သော ဗင်္ယာမိန်အမျိုးသား၊ ဂေရ၏သား ဧဟုဒ်ကို ကယ်တင်မည့်သူအဖြစ် ခန့်ထားတော်မူ၏။ သူတို့သည် ဧဟုဒ်အားဖြင့် မောဘရှင်ဘုရင်ဧဂလုန်ထံ အခွန်ကိုပေးလိုက်ကြ၏။ 16ဧဟုဒ်သည် တစ်တောင်ခန့်ရှည်သော သန်လျက်နှစ်ဖက်ပါ ဓားတစ်လက်ကိုလုပ်၍ မိမိအဝတ်အောက် လက်ျာပေါင်၌ ချည်နှောင်ထားလေ၏။ 17သူသည် မောဘရှင်ဘုရင်ဧဂလုန်အား အခွန်ကိုဆက်သလေ၏။ ထိုမင်းကား အလွန်ဝဖြိုးသောသူဖြစ်၏။ 18ဧဟုဒ်သည် အခွန်ကိုဆက်သပြီးသောအခါ ထိုအခွန်ကိုထမ်းဆောင်လာသောသူတို့ကို ပြန်လွှတ်လိုက်၏။ 19သူသည် ဂိလဂါလမြို့အနီးရှိ ရုပ်တုများမှ ပြန်လှည့်လာ၍ “အရှင်မင်းကြီး၊ ကိုယ်တော်အတွက် လျှို့ဝှက်သတင်းစကားတစ်ခွန်းရှိပါသည်” ဟုလျှောက်၏။ မင်းကြီးက “တိတ်ဆိတ်စွာနေကြ” ဟုဆို၍ အထံတော်၌ခစားသောသူအပေါင်းတို့သည် ထွက်သွားကြ၏။
20ဧဟုဒ်သည် တစ်ကိုယ်တည်း အေးမြသောအထက်ခန်း၌ ထိုင်နေသောမင်းကြီးထံ ချဉ်းကပ်၍ “ဘုရားသခင်ထံတော်မှ ကိုယ်တော်အတွက် စကားတစ်ခွန်းရှိပါသည်” ဟုဆို၏။ မင်းကြီးသည်လည်း မိမိထိုင်ရာမှ ထလေ၏။ 21ဧဟုဒ်သည် လက်ဝဲလက်ကိုဆန့်၍ လက်ျာပေါင်မှ ဓားကိုယူပြီးလျှင် ဧဂလုန်၏ဝမ်းထဲသို့ ထိုးသွင်းလိုက်၏။ 22ဓားသွားနောက်မှ ဓားရိုးပါ ဝင်သွား၍ အဆီသည် ဓားကိုဖုံးအုပ်လေ၏။ ဧဟုဒ်သည် ဝမ်းထဲမှ ဓားကိုမဆွဲထုတ်သောကြောင့် အအူများသည် ထွက်ကျလာ၏။ 23ဧဟုဒ်သည် ကနားဆင်ဝန်းသို့ထွက်၍ မိမိနောက်မှ အထက်ခန်း၏တံခါးများကိုပိတ်ကာ သော့ခတ်လေ၏။
24သူထွက်သွားပြီးနောက် ကျွန်များသည်လာ၍ အထက်ခန်းတံခါးများကို သော့ခတ်ထားသည်ကိုတွေ့သောအခါ “မင်းကြီးသည် အေးမြသောအခန်း၌ ကိုယ်လက်သန့်စင်လျက်နေဟန်တူ၏” ဟုဆိုကြ၏။ 25သူတို့သည် အားနာလာသည့်တိုင်အောင်စောင့်ကြသော်လည်း မင်းကြီးသည် အထက်ခန်းတံခါးများကို မဖွင့်သေး။ ထို့ကြောင့် သော့ကိုယူ၍ဖွင့်လိုက်ရာ မိမိတို့အရှင်သည် ကြမ်းပြင်ပေါ်၌လဲ၍ သေဆုံးနေသည်ကိုတွေ့ကြ၏။
26သူတို့ဤသို့ဆိုင်းငံ့နေစဉ် ဧဟုဒ်သည် ထွက်ပြေးလွတ်မြောက်သွားလေ၏။ သူသည် ရုပ်တုများကိုကျော်လွန်၍ စိရပ်အရပ်သို့ ထွက်ပြေးလွတ်မြောက်၏။ 27သူသည်ရောက်သောအခါ ဧဖရိမ်တောင်ပေါ်၌ တံပိုးခရာကိုမှုတ်လေ၏။ ဣသရေလအမျိုးသားတို့သည် ဧဟုဒ်ရှေ့ဆောင်လျက် သူနှင့်အတူ တောင်ပေါ်မှ ဆင်းလာကြ၏။ 28သူက “ငါ့နောက်သို့လိုက်ကြလော့။ အကြောင်းမူကား ငါတို့၏ခမည်းတော်သည် သင်တို့၏ရန်သူ မောဘအမျိုးကို သင်တို့လက်သို့ အပ်တော်မူပြီ” ဟုဆို၏။ သူတို့သည် သူ့နောက်သို့ဆင်းလိုက်၍ မောဘအမျိုးကိုတားဆီးရန် ယော်ဒန်မြစ်ကူးတို့ကိုသိမ်းယူကာ မည်သူ့ကိုမျှ မကူးစေကြ။ 29ထိုအခါ သူတို့သည် ခွန်အားကြီးပြီး သန်စွမ်းသောသူအပေါင်းဖြစ်ကြသော မောဘအမျိုးသား တစ်သောင်းခန့်ကို သတ်ဖြတ်ကြ၏။ တစ်ဦးတစ်ယောက်မျှ မလွတ်မြောက်။ 30ထိုနေ့၌ မောဘအမျိုးသည် ဣသရေလအမျိုး၏လက်အောက်၌ နှိမ်နင်းခြင်းကိုခံရ၍ တိုင်းပြည်သည် အနှစ်ရှစ်ဆယ်ပတ်လုံး ငြိမ်းချမ်းလေ၏။
31ဧဟုဒ်နောက်တွင် အာနတ်၏သား ရှံဂါ ပေါ်ထွန်းလာ၍ နွားတုတ်ဖြင့် ဖိလိတ္တိအမျိုးသား ခြောက်ရာကို သတ်ဖြတ်လေ၏။ သူသည်လည်း ဣသရေလအမျိုးကို ကယ်တင်၏။