ခမည်းတော်သည် ဟေဇကိ၏ဆုတောင်းကိုကြားနာ၍ ကျန်းမာစေတော်မူခြင်း
မိမိအိမ်ကို စီရင်ထားရန် အမိန့်ရသောအခါ ဟေဇကိမင်းသည် နံရံဘက်သို့ မျက်နှာလှည့်၍ မိမိကျင့်ကြံခဲ့သည်ကို အောက်မေ့တော်မူပါရန် မိမိ၏ခမည်းတော်ထံ တောင်းလျှောက်၏။ အသက်တစ်ဆယ့်ငါးနှစ် တိုးပေးခြင်းခံရ၍ သက်သေအဖြစ် အရိပ်သည် နောက်သို့ ဆုတ်သွား၏။ ထို့နောက် ဗာဗုလုန်သံတမန်တို့အား မိမိဘဏ္ဍာရှိသမျှကို ပြသ၍ ထိုအရာအားလုံး ထိုအရပ်သို့ သိမ်းယူသွားလိမ့်မည်ဟု ကြားရလေ၏။
20 1ထိုကာလ၌ ဟေဇကိသည် ဖျားနာ၍ သေခါနီးဖြစ်လေ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည်လာ၍ “ငါတို့၏ခမည်းတော် မိန့်တော်မူသည်ကား၊ သင်၏အိမ်ကို စီရင်ထားလော့၊ သင်သည် အသက်ရှင်ရမည်မဟုတ်၊ သေရလိမ့်မည်” ဟုဆို၏။
2ထိုအခါ ဟေဇကိသည် မျက်နှာကို နံရံသို့လှည့်၍ ငါတို့၏ခမည်းတော်ထံ ဤသို့ဆုတောင်းလေ၏။ 3“အဖခမည်းတော်၊ အကျွန်ုပ်သည် သစ္စာစောင့်သိစွာ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှေ့တော်၌ကျင့်ကြံ၍ မျက်မှောက်တော်၌ ကောင်းမြတ်သောအမှုကို ပြုခဲ့ပါသည်ကို အောက်မေ့တော်မူပါ” ဟုလျှောက်၏။ ထိုနောက် ဟေဇကိသည် ပြင်းစွာ ငိုကြွေးလေ၏။
4ဟေရှာယသည် အလယ်တန်တိုင်းမှ မထွက်မီ ငါတို့၏ခမည်းတော်၏ နှုတ်ကပတ်တော်သည် သူ့ထံသို့ ရောက်လာ၏။
5“ငါ့လူမျိုးတို့၏ ခေါင်းဆောင် ဟေဇကိထံသို့ ပြန်သွား၍ ဤသို့ပြောလော့၊ သင့်အဖ ဒါဝိဒ်၏ဘုရားသခင်၊ သင်၏ခမည်းတော် မိန့်တော်မူသည်ကား၊ သင်၏ဆုတောင်းကို ငါကြားရပြီ၊ သင်၏မျက်ရည်ကိုလည်း ငါမြင်ရပြီ၊ ငါသည် သင့်ကို ကျန်းမာစေမည်၊ တတိယနေ့တွင် သင်သည် ငါ၏အိမ်တော်သို့ တက်ရလိမ့်မည်။ 6သင်၏အသက်၌ ဆယ့်ငါးနှစ်ကို ငါထပ်ပေးမည်၊ ဤမြို့နှင့် သင့်ကို အာရှုရိ ရှင်ဘုရင်၏လက်မှ ငါကယ်တင်မည်၊ ငါ့အတွက်နှင့် ငါ့ကျွန် ဒါဝိဒ်အတွက်ကြောင့် ဤမြို့ကို ငါကွယ်ကာမည်” ဟု မိန့်တော်မူ၏။
7ဟေရှာယက “သင်္ဘောသဖန်းသီးပျစ်ကို ယူခဲ့ကြလော့” ဟုဆို၏။ သူတို့သည် ယူခဲ့၍ အနာပေါ်၌ တင်ကြသဖြင့် သူသည် သက်သာလာ၏။
8ဟေဇကိက “ငါတို့၏ခမည်းတော်သည် ငါ့ကို ကျန်းမာစေတော်မူ၍ တတိယနေ့တွင် ငါသည် ငါတို့၏ခမည်းတော်၏ အိမ်တော်သို့ တက်ရမည်ဆိုသော နိမိတ်လက္ခဏာကား အဘယ်နည်း” ဟု ဟေရှာယအား မေး၏။
9ဟေရှာယက “ငါတို့၏ခမည်းတော်သည် ဂတိတော်အတိုင်း ပြုတော်မူမည်ဆိုသော၊ ခမည်းတော်ထံမှ သင့်အတွက် နိမိတ်လက္ခဏာကား ဤသည်တည်း၊ အရိပ်သည် ဆယ်လှမ်း ရှေ့သို့တိုးမည်လော၊ သို့မဟုတ် ဆယ်လှမ်း နောက်သို့ဆုတ်မည်လော” ဟုဆို၏။
10ဟေဇကိက “အရိပ်သည် ဆယ်လှမ်းရှည်လာရန်မှာ လွယ်ကူ၏၊ ထိုသို့မဟုတ်ဘဲ ဆယ်လှမ်း နောက်သို့ ပြန်ဆုတ်ပါစေ” ဟု ပြန်ဆို၏။
11ထို့ကြောင့် ပရောဖက်ဟေရှာယသည် ငါတို့၏ခမည်းတော်ထံ ဟစ်ခေါ်လျှောက်ထားသဖြင့် အာခတ်၏လှေကားပေါ်၌ ဆင်းသက်ခဲ့သော ဆယ်လှမ်းအတိုင်း အရိပ်ကို ခမည်းတော်သည် နောက်သို့ ပြန်ဆုတ်စေတော်မူ၏။
ဟေဇကိသည် ဗာဗုလုန်သံတမန်များကို ကြိုဆိုခြင်း
12ထိုအခါ ဗာဗုလုန်ရှင်ဘုရင် ဗာလဒန်၏သား ဗေရောဒက်ဗာလဒန်သည် ဟေဇကိ ဖျားနာကြောင်းကို ကြားသိ၍ ဟေဇကိထံသို့ စာများနှင့် လက်ဆောင်ကို ပေးလိုက်၏။ 13ဟေဇကိသည် သူတို့ကို ကြိုဆို၍ မိမိ၏ဘဏ္ဍာတော်တိုက် တစ်ခုလုံး၊ ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အကောင်းဆုံးဆီ၊ လက်နက်တိုက်တစ်ခုလုံးနှင့် ဘဏ္ဍာတိုက်အတွင်းရှိ ပစ္စည်းအလုံးစုံကို ပြလေ၏။ ဟေဇကိ မပြသော အရာတစ်စုံတစ်ခုမျှ နန်းတော်၌ဖြစ်စေ၊ နိုင်ငံတော်တစ်ဝန်းလုံး၌ဖြစ်စေ မရှိချေ။
14ပရောဖက်ဟေရှာယသည် ဟေဇကိ မင်းကြီးထံသို့ လာ၍ “ဤသူတို့သည် အဘယ်သို့ ပြောဆိုကြသနည်း၊ အဘယ်အရပ်မှ လာကြသနည်း” ဟုမေး၏။ ဟေဇကိက “ဝေးလံသောပြည်ဖြစ်သော ဗာဗုလုန်မှ လာကြသည်” ဟုဆို၏။
15ဟေရှာယက “ဤသူတို့သည် သင်၏နန်းတော်၌ အဘယ်အရာကို မြင်ကြသနည်း” ဟုမေး၏။ ဟေဇကိက “ငါ၏နန်းတော်၌ ရှိသမျှကို မြင်ကြ၏၊ ငါ၏ဘဏ္ဍာတို့တွင် သူတို့အား ငါမပြသောအရာ တစ်စုံတစ်ခုမျှ မရှိ” ဟု ပြန်ဆို၏။
16ထိုအခါ ဟေရှာယက ဟေဇကိအား “ငါတို့၏ခမည်းတော်၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
17သင်၏နန်းတော်၌ ရှိသမျှနှင့် သင့်ဘိုးဘေးတို့ ယနေ့တိုင် စုဆောင်းခဲ့သမျှကို ဗာဗုလုန်သို့ သယ်ဆောင်သွားခြင်းကို ခံရမည့် နေ့ရက်များ ရောက်လာလိမ့်မည်၊ အဘယ်အရာမျှ ကျန်ရစ်လိမ့်မည်မဟုတ်ဟု ငါတို့၏ခမည်းတော် မိန့်တော်မူ၏။ 18သင်၏သား အချို့၊ သင့်အမျိုးအနွယ်တို့ကို ဗာဗုလုန် ရှင်ဘုရင်၏ နန်းတော်၌ မိန်းမစိုးများအဖြစ် အမှုထမ်းစေရန် ခေါ်ဆောင်သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
19ဟေဇကိက “သင်ဆိုသော ငါတို့၏ခမည်းတော်၏ နှုတ်ကပတ်တော်သည် ကောင်း၏” ဟုဆို၏။ အကြောင်းမူကား “ငါ၏လက်ထက်၌ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း ရှိလိမ့်မည်မဟုတ်လော” ဟု သူတွေးတောသောကြောင့်တည်း။
20ဟေဇကိ၏ ကြွင်းကျန်သော အမှုအရာများ၊ သူ၏တန်ခိုးကြီးမားမှု အလုံးစုံနှင့် မြို့တွင်းသို့ ရေသွင်းရန် ရေကန်နှင့် ရေမြောင်းကို သူတူးဖော်တည်ဆောက်ပုံတို့သည် ယုဒ ရှင်ဘုရင်တို့၏ ရာဇဝင်ကျမ်း၌ မှတ်သားထားသည် မဟုတ်လော။ 21ထိုနောက် ဟေဇကိသည် မိမိ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သွား၍ သူ၏သား မနာရှေသည် သူ၏အရာ၌ နန်းတက်လေ၏။