ခုနစ်ကြိမ်ချွတ်ပြီးသောငွေ
ဂီတမှူးအတွက်။ ရှမိနိတ်သံစဉ်အတိုင်း။ ဒါဝိဒ်၏ဆာလံ။
သစ္စာရှိသူတို့ ပျောက်ကွယ်သွား၍ လူတိုင်း နှစ်ခွသောစိတ်ဖြင့် မြှောက်ပင့်ပြောဆိုကြ၏။ ဝါကြွားသော လျှာတို့ကို ဖြတ်ပစ်ရန် ဆာလံဆရာ တောင်းလျှောက်၍ အဖြေကို ရ၏။ ဆင်းရဲငြိုငြင်သူတို့ ညည်းတွားသောကြောင့် ငါထမည်ဟု ငါတို့၏ခမည်းတော် မိန့်တော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် ခုနစ်ကြိမ် စစ်ချွတ်သော ငွေဖြစ်၏။
12 1အို အဖခမည်းတော်၊ သစ္စာရှိသူတို့ ကွယ်ပျောက်ကုန်ပြီဖြစ်၍ ကယ်မတော်မူပါ၊ သစ္စာစောင့်သိသူများသည် လူသားတို့အထဲမှ ပျောက်ကွယ်သွားကြပါပြီ။ 2လူတိုင်းသည် မိမိအိမ်နီးချင်းကို လိမ်ညာပြောဆိုကြ၏၊ ချော့မော့သောနှုတ်ခမ်းနှင့် နှစ်ခွဖြစ်သောစိတ်နှလုံးဖြင့် ပြောဆိုကြ၏။ 3ငါတို့၏ခမည်းတော်သည် ချော့မော့သောနှုတ်ခမ်းအပေါင်းကိုလည်းကောင်း၊ ကြီးကျယ်သောအရာတို့ကို ကြွားဝါသောလျှာရှိသမျှကိုလည်းကောင်း ဖြတ်တောက်တော်မူပါစေ၊ 4ထိုသူတို့က “ငါတို့သည် မိမိတို့လျှာဖြင့် နိုင်နင်းကြမည်၊ ငါတို့၏နှုတ်ခမ်းသည် ငါတို့ပိုင်၏၊ ငါတို့ကို အစိုးရသောသူကား အဘယ်သူနည်း” ဟု ဆိုကြ၏။
5“ဆင်းရဲသားတို့သည် လုယက်ခြင်းကိုခံရသောကြောင့်၊ ချို့တဲ့သူတို့သည် ညည်းတွားကြသောကြောင့် ယခု ငါထမည်၊” ဟု ငါတို့၏ခမည်းတော်က မိန့်တော်မူ၏။ “တောင့်တသောသူကို ငါသည် ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်မည်။”
6ငါတို့၏ခမည်းတော်၏ စကားတော်တို့သည် သန့်ရှင်းစင်ကြယ်သောစကားများဖြစ်၍၊ မြေဖြင့်လုပ်သောဖို၌ ချွတ်ပြီး ခုနစ်ကြိမ်တိုင်အောင် သန့်စင်စေပြီးသောငွေနှင့်တူ၏။ 7အို အဖခမည်းတော်၊ ကိုယ်တော်သည် ချို့တဲ့သူတို့ကို ဘေးကင်းစွာ စောင့်ရှောက်တော်မူမည်၊ ဤမျိုးဆက်မှ အကျွန်ုပ်တို့ကို ကာလအစဉ်အဆက် ကွယ်ကာတော်မူမည်။ 8လူသားတို့အထဲ၌ ယုတ်မာခြင်းကို ချီးမြှောက်သောအခါ၊ ဆိုးယုတ်သောသူတို့သည် အရပ်ရပ်၌ လှည့်လည်သွားလာကြ၏။