ခမည်းတော်၏ညွှန်ကြားတော်မူချက်များ
နှစ်၏ ပထမနေ့၌ အရာအားလုံးကို ထောင်၍ ဘိသိက်ပေးပြီး နေရာချထား၏။ အာရုန်နှင့် သူ၏သားတို့ကို ရေဆေး၍ ဝတ်လုံဆင်ပေး၏။ ထို့နောက် မိုးတိမ်သည် တဲတော်ကို ဖုံးအုပ်၍ ငါတို့၏ခမည်းတော်၏ ဘုန်းတော်သည် အပြည့်အဝ ပြည့်နှက်သဖြင့် မောရှေပင် မဝင်နိုင်။ ယခုမှစ၍ သူတို့ မည်သည့်အချိန် ခရီးဆက်မည်ကို မိုးတိမ်က ဆုံးဖြတ်၏။
40 1ထိုအခါ ငါတို့၏ခမည်းတော်သည် မောရှေအား ဤသို့မိန့်တော်မူ၏။
2“ပထမလ၊ ပထမနေ့ရက်၌ ပရိသတ်စည်းဝေးရာတဲတော်ဖြစ်သော တဲတော်ကို ထူထောင်လော့။ 3ထိုတဲတော်အတွင်း၌ သက်သေခံသေတ္တာတော်ကိုထား၍ ကန့်လန့်ကာဖြင့် သေတ္တာတော်ကို ကွယ်ကာလော့။ 4စားပွဲကိုသွင်း၍ ၎င်းပေါ်တွင် စီစဉ်ရမည့်အရာတို့ကိုစီစဉ်ပြီးလျှင် မီးခုံတိုင်ကိုသွင်း၍ ၎င်း၏မီးခွက်များကို ထွန်းလော့။ 5သက်သေခံသေတ္တာတော်ရှေ့တွင် ရွှေနံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကိုထား၍ တဲတော်တံခါးဝ၌ ကုလားကာကို တပ်ဆင်လော့။ 6ပရိသတ်စည်းဝေးရာတဲတော်ဖြစ်သော တဲတော်၏တံခါးဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကို ထားလော့။ 7ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင် အင်တုံကိုထား၍ ၎င်းအတွင်း၌ ရေကို ထည့်လော့။ 8ပတ်ဝန်းကျင်အရပ်ရပ်၌ တန်တိုင်းကိုထူထောင်၍ တန်တိုင်းတံခါးဝ၌ ကုလားကာကို ဆွဲထားလော့။
9“ဘိသိက်ဆီကိုယူ၍ တဲတော်နှင့် ၎င်းအတွင်းရှိ အရာခပ်သိမ်းကို လိမ်းကျံလော့။ တဲတော်နှင့် ၎င်း၏တန်ဆာခပ်သိမ်းကို ဆက်ကပ်လော့။ သို့ပြုလျှင် ၎င်းသည် သန့်ရှင်းလိမ့်မည်။ 10မီးရှို့ရာယဇ်ပလ္လင်နှင့် ၎င်း၏ကိရိယာအလုံးစုံကို လိမ်းကျံလော့။ ယဇ်ပလ္လင်ကိုဆက်ကပ်လော့။ ထိုအခါ ယဇ်ပလ္လင်သည် အလွန်သန့်ရှင်းလိမ့်မည်။ 11အင်တုံနှင့် ၎င်း၏ခုံကို လိမ်းကျံ၍ ဆက်ကပ်လော့။
12“ထို့နောက် အာရုန်နှင့် သူ၏သားတို့ကို ပရိသတ်စည်းဝေးရာတဲတော်၏တံခါးဝသို့ ခေါ်ဆောင်ခဲ့၍ ရေဖြင့် ဆေးကြောလော့။ 13ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ် အမှုတော်ဆောင်စေရန် အာရုန်အား သန့်ရှင်းသောအဝတ်များကို ဝတ်ဆင်စေ၍ သူ့ကို ဘိသိက်ပေးကာ ဆက်ကပ်လော့။ 14သူ၏သားတို့ကို ခေါ်ဆောင်ခဲ့၍ အင်္ကျီများကို ဝတ်ဆင်စေလော့။ 15သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကိုလည်း ဘိသိက်ပေးလော့။ သို့မှသာ သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်များအဖြစ် အမှုတော်ဆောင်ကြလိမ့်မည်။ ထိုဘိသိက်ကြောင့် သူတို့သည် သားစဉ်မြေးဆက်တိုင်အောင် အမြဲတည်သော ယဇ်ပုရောဟိတ်အရာကို ရရှိကြလိမ့်မည်။” ဟု မိန့်တော်မူ၏။
16ငါတို့၏ခမည်းတော် မှာထားတော်မူသည်အတိုင်း မောရှေသည် အလုံးစုံကို ပြု၏။ 17ဒုတိယနှစ်၊ ပထမလ၊ ပထမနေ့ရက်၌ တဲတော်ကို ထူထောင်ပြီးစီး၏။ 18မောရှေသည် တဲတော်ကိုထူထောင်ရာတွင် ၎င်း၏ခြေစွပ်များကိုတပ်၍ ဘောင်ခွေများကိုထောင်ပြီးလျှင် ကန့်လန့်ကျင်များကိုတပ်ဆင်ကာ တိုင်များကို စိုက်ထူ၏။ 19ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း တဲတော်အပေါ်၌ တဲကိုဖြန့်မိုး၍ ၎င်းအပေါ်တွင် အမိုးကို တင်၏။ 20သက်သေခံချက်ကိုယူ၍ သေတ္တာတော်အတွင်း၌ထားပြီးလျှင် သေတ္တာတော်၌ ထမ်းပိုးများကိုတပ်ကာ သေတ္တာတော်အပေါ်တွင် ကရုဏာပလ္လင်ကို တင်၏။ 21ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း သေတ္တာတော်ကို တဲတော်အတွင်းသို့သွင်း၍ ကာကွယ်ရန်ကန့်လန့်ကာကိုဆွဲထားကာ သက်သေခံသေတ္တာတော်ကို ကွယ်ကာ၏။ 22ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ တဲတော်၏မြောက်ဘက်၊ ကန့်လန့်ကာ၏ပြင်ဘက်၌ စားပွဲကို ထား၏။ 23ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း ၎င်းအပေါ်၌ ငါတို့၏ခမည်းတော်ရှေ့တော်တွင် မုန့်ကို စီ၍တင်ထား၏။ 24တဲတော်၏တောင်ဘက်၊ စားပွဲနှင့်မျက်နှာချင်းဆိုင်၌ ပရိသတ်စည်းဝေးရာတဲတော်အတွင်း မီးခုံတိုင်ကို ထား၏။ 25ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း ငါတို့၏ခမည်းတော်ရှေ့တော်တွင် မီးခွက်များကို ထွန်း၏။ 26ပရိသတ်စည်းဝေးရာတဲတော်အတွင်း၊ ကန့်လန့်ကာ၏ရှေ့တွင် ရွှေယဇ်ပလ္လင်ကို ထား၏။ 27ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း ၎င်းအပေါ်၌ မွှေးကြိုင်သောနံ့သာပေါင်းကို မီးရှို့၏။ 28ထို့နောက် တဲတော်တံခါးဝ၌ ကုလားကာကို တပ်ဆင်၏။ 29ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း ပရိသတ်စည်းဝေးရာတဲတော်ဖြစ်သော တဲတော်၏တံခါးဝ၌ မီးရှို့ရာယဇ်ပလ္လင်ကိုထား၍ ၎င်းအပေါ်တွင် မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကို ပူဇော်၏။ 30ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင် အင်တုံကိုထား၍ ဆေးကြောရန်အတွက် ၎င်းအတွင်း၌ ရေကို ထည့်ထား၏။ 31၎င်းဖြင့် မောရှေ၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့၏ လက်ခြေများကို ဆေးကြောကြ၏။ 32ငါတို့၏ခမည်းတော် မောရှေအားမှာထားတော်မူသည်အတိုင်း သူတို့သည် ပရိသတ်စည်းဝေးရာတဲတော်အတွင်းသို့ ဝင်သည့်အခါ သို့မဟုတ် ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သည့်အခါတိုင်း ဆေးကြောကြ၏။ 33တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်၌ တန်တိုင်းကိုထူထောင်၍ တန်တိုင်းတံခါးဝ၌ ကုလားကာကို တပ်ဆင်၏။ သို့ဖြင့် မောရှေသည် ထိုအလုပ်ကို ပြီးစီးစေ၏။
ဘုန်းတော်သည်တဲတော်ကိုပြည့်နှက်စေခြင်း
34ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်ကိုဖုံးအုပ်၍ ငါတို့၏ခမည်းတော်၏ဘုန်းတော်သည် တဲတော်ကို ပြည့်နှက်စေ၏။ 35မိုးတိမ်သည် ၎င်းအပေါ်၌ကျိန်းဝပ်လျက် ငါတို့၏ခမည်းတော်၏ဘုန်းတော်သည် တဲတော်ကိုပြည့်နှက်နေသောကြောင့် မောရှေသည် ပရိသတ်စည်းဝေးရာတဲတော်အတွင်းသို့ မဝင်နိုင်။ 36တဲတော်အပေါ်မှ မိုးတိမ်တက်သည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည် မိမိတို့ခရီးစဉ်၏ အဆင့်တိုင်း၌ ထွက်ခွာခရီးဆက်ကြ၏။ 37သို့ရာတွင် မိုးတိမ်မတက်လျှင် ၎င်းတက်သည့်နေ့တိုင်အောင် သူတို့ မထွက်ခွာကြ။ 38အကြောင်းမူကား ငါတို့၏ခမည်းတော်၏မိုးတိမ်သည် နေ့အချိန်၌ တဲတော်ကိုဖုံးအုပ်၍ ညအချိန်၌ ၎င်းအတွင်း၌ မီးရှိသဖြင့် ဣသရေလအိမ်ထောင်စုအပေါင်းသည် မိမိတို့၏ခရီးစဉ်အားလုံးတလျှောက်လုံး ထိုအရာကို မြင်တွေ့ကြရ၏။