ချစ်မိတ်ဆွေဂါယုထံသို့
ဧည့်ဝတ်ပြုခြင်းနှင့် သစ္စာရှိခြင်းအတွက် ဂါယုကို ချီးမွမ်း၍ အနိုင်ကျင့်တတ်သော ခေါင်းဆောင်တစ်ဦးကို သတိပေးသော ကိုယ်ရေးစာတိုတစ်စောင်။
1 1သက်ကြီးဖြစ်သူ ငါသည် သမ္မာတရား၌ ငါအမှန်ချစ်သော ချစ်မိတ်ဆွေ ဂါယုထံသို့ ပေးစာ။
2ချစ်မိတ်ဆွေ၊ သင်၏ဝိညာဉ်ကောင်းစားသကဲ့သို့ သင်သည်အရာရာ၌ကောင်းစား၍ ကျန်းမာပါစေကြောင်း ငါဆုတောင်း၏။ 3ညီအစ်ကိုတို့ရောက်လာ၍ သမ္မာတရား၌ သင်၏သစ္စာရှိမှုအကြောင်းကို သက်သေခံကြသောအခါ ငါအလွန်ဝမ်းမြောက်၏။ အကြောင်းမူကား သင်သည် ထိုသမ္မာတရား၌ အမှန်ကျင်လည်လျက်ရှိ၏။ 4ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်ကြသည်ကို ကြားရခြင်းထက် ကြီးမြတ်သောဝမ်းမြောက်ခြင်းသည် ငါ၌မရှိ။
5ချစ်မိတ်ဆွေ၊ ညီအစ်ကိုတို့အတွက်၊ အထူးသဖြင့် သူစိမ်းများအတွက်ပင် သင်ပြုသမျှတို့၌ သင်သည်သစ္စာရှိစွာ ပြုမူ၏။ 6ထိုသူတို့သည် အသင်းတော်ရှေ့၌ သင်၏ချစ်ခြင်းမေတ္တာကို သက်သေခံကြ၏။ ငါတို့၏ခမည်းတော်နှင့်ထိုက်တန်သောနည်းဖြင့် သူတို့ကို ပို့ဆောင်လွှတ်လိုက်လော့။ 7အကြောင်းမူကား သူတို့သည် နာမတော်အတွက် ထွက်သွားကြ၍ တစ်ပါးအမျိုးသားတို့ထံမှ အဘယ်အရာကိုမျှ မခံမယူကြ။ a a v7 “နာမတော်” ဆိုသည်မှာ ယေရှုကို ရည်ညွှန်း၏။ ဤတမန်တို့သည် ကိုယ်တော်ကို ကိုယ်စားပြု၍ ထွက်သွားကြ၍ မယုံကြည်သူတို့ထံမှ ငွေကြေးထောက်ပံ့မှုကို လက်မခံကြ။ 8ထို့ကြောင့် ငါတို့သည် သမ္မာတရားအတွက် လုပ်ဖော်ဆောင်ဘက်ဖြစ်စေရန် ထိုကဲ့သို့သောသူတို့ကို ထောက်ပံ့ကူညီသင့်၏။
9ငါသည် အသင်းတော်ထံသို့ စာအချို့ ရေးလိုက်၏။ သို့ရာတွင် သူတို့အထဲ၌ ရှေ့ဦးစွာနေလိုသော ဒယောတရက်သည် ငါတို့ကို လက်မခံ။ 10ထို့ကြောင့် ငါလာလျှင် သူပြုနေသောအမှုတို့ကို ငါဖော်ထုတ်မည်။ သူသည် မနာလိုသောစကားများဖြင့် ငါတို့ကို ပုတ်ခတ်ပြောဆို၏။ ထိုမျှနှင့်မတင်းတိမ်ဘဲ သူသည် ညီအစ်ကိုတို့ကို လက်မခံ၊ လက်ခံလိုသူတို့ကိုလည်း ဆီးတား၍ အသင်းတော်မှ နှင်ထုတ်၏။
11ချစ်မိတ်ဆွေ၊ ဆိုးယုတ်မှုကို အတုမယူဘဲ ကောင်းမှုကို အတုယူလော့။ ကောင်းမှုကိုပြုသူသည် ငါတို့၏ခမည်းတော်ထံမှဖြစ်၏။ ဆိုးယုတ်မှုကိုပြုသူမူကား ငါတို့၏ခမည်းတော်ကို မဖူးမြင်ရသေး။ 12လူအပေါင်းတို့သည် ဒေမေတရိ၏အကြောင်းကို ကောင်းစွာ ပြောဆိုကြ၏။ သမ္မာတရားကိုယ်တိုင်ကလည်း ထိုသို့ သက်သေခံ၏။ ငါတို့သည်လည်း သက်သေခံ၏။ ငါတို့၏သက်သေခံချက်သည် မှန်ကြောင်း သင်သိ၏။
13သင့်ထံသို့ ရေးစရာများစွာ ငါ၌ရှိ၏။ သို့ရာတွင် ကလောင်နှင့်မှင်ဖြင့် ရေးသားရန် ငါအလိုမရှိ။ 14မကြာမီ သင့်ကို တွေ့ရလိမ့်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ မျက်နှာချင်းဆိုင် ငါတို့ စကားပြောကြမည်။ 15သင်၌ ငြိမ်သက်ခြင်းရှိပါစေ။ မိတ်ဆွေတို့သည် သင့်ကို နှုတ်ဆက်ကြ၏။ မိတ်ဆွေအသီးသီးတို့ကို နာမည်အလိုက် နှုတ်ဆက်လော့။