တောင်ပေါ်တွင်မောရှေ
မောရှေသည် နေဗောတောင်ပေါ်သို့ တက်၍ မိမိ မဝင်ရမည့်ပြည်တစ်ပြည်လုံးကို ငါတို့၏ခမည်းတော်က ပြတော်မူ၏။ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ မျက်စိကြည်လင်ဆဲ ဖြစ်လျက် ထိုအရပ်၌ သေဆုံး၏။ ငါတို့၏ခမည်းတော်သည် မည်သူမျှ မသိသောအရပ်၌ သူ့ကို သင်္ဂြိုဟ်တော်မူ၏။ ဣသရေလသည် ရက်သုံးဆယ် ငိုကြွေးကြ၏။ ထိုအချိန်မှစ၍ ကိုယ်တော်ကို မျက်နှာချင်းဆိုင် သိကျွမ်းသော ပရောဖက် မပေါ်ပေါက်တော့။
34 1ထိုအခါ မောရှေသည် မောဘလွင်ပြင်မှ ယေရိခေါမြို့တစ်ဖက်၌ရှိသော ပိသ္ဂါတောင်ထိပ်ဖြစ်သည့် နေဗောတောင်သို့ တက်လေ၏။ ထိုအခါ ငါတို့၏ခမည်းတော်သည် ဂိလဒ်ပြည်မှ ဒန်မြို့အထိ တစ်ပြည်လုံးကို သူ့အားပြတော်မူ၏။ 2နဿလိပြည်တစ်ခုလုံး၊ ဧဖရိမ်ပြည်နှင့်မနာရှေပြည်၊ အနောက်ပင်လယ်အထိ ယုဒပြည်တစ်ခုလုံး၊ 3တောင်ဘက်ဒေသနှင့် စွန်ပလွံပင်များ၏မြို့ဖြစ်သော ယေရိခေါချိုင့်ဝှမ်းလွင်ပြင်မှ ဇောရမြို့တိုင်အောင်တည်း။
4ထိုအခါ ငါတို့၏ခမည်းတော်က “ ‘သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်’ ဟု အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့အား ငါကျိန်ဆိုခဲ့သည့်ပြည်ကား ဤပြည်ပင်တည်း။ သင်၏မျက်စိဖြင့် ဤပြည်ကို ငါမြင်စေပြီ။ သို့ရာတွင် သင်သည် ထိုပြည်ထဲသို့ ကူးဝင်ရလိမ့်မည်မဟုတ်” ဟု သူ့အားမိန့်တော်မူ၏။
5ငါတို့၏ခမည်းတော် မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့၏ခမည်းတော်၏ကျွန် မောရှေသည် ထိုမောဘပြည်၌ ကွယ်လွန်လေ၏။ 6ငါတို့၏ခမည်းတော်သည် ဗက်ပေဂုရမြို့တစ်ဖက်၌ရှိသော မောဘချိုင့်ဝှမ်း၌ သူ့ကို သင်္ဂြိုဟ်တော်မူ၏။ သူ၏သင်္ချိုင်းကို ယနေ့တိုင်အောင် မည်သူမျှမသိ။ 7မောရှေသည် ကွယ်လွန်သောအခါ အသက်တစ်ရာ့နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမှုန်ဝါးခြင်းမရှိ၊ သူ၏ခွန်အားလည်း မဆုတ်ယုတ်သေး။ 8ဣသရေလအမျိုးသားတို့သည် ငိုကြွေးမြည်တမ်းသောနေ့ရက်များ ကုန်ဆုံးသည်အထိ မောဘလွင်ပြင်၌ မောရှေအတွက် ရက်ပေါင်းသုံးဆယ်ပတ်လုံး ငိုကြွေးကြ၏။ 9မောရှေသည် နုန်၏သား ယောရှုအပေါ်၌ မိမိလက်ကို တင်ခဲ့သောကြောင့် ယောရှုသည် ဉာဏ်ပညာ၏ဝိညာဉ်နှင့် ပြည့်ဝ၏။ ဣသရေလအမျိုးသားတို့သည် သူ၏စကားကို နားထောင်ကြ၍ ငါတို့၏ခမည်းတော်သည် မောရှေအား မိန့်မှာတော်မူသည့်အတိုင်း ပြုကြ၏။ 10ထိုအချိန်မှစ၍ ငါတို့၏ခမည်းတော်က မျက်နှာချင်းဆိုင် သိကျွမ်းတော်မူသော မောရှေကဲ့သို့ ပရောဖက်တစ်ပါးမျှ ဣသရေလ၌ ပေါ်ထွန်းခြင်း မရှိသေး။ 11ငါတို့၏ခမည်းတော်သည် မောရှေအား အဲဂုတ္တုပြည်၌ ဖာရောဘုရင်၊ သူ၏ကျွန်အပေါင်းနှင့် သူ၏ပြည်တစ်ပြည်လုံးကို ဆန့်ကျင်၍ ပြုစေရန် စေလွှတ်တော်မူသော နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုအပေါင်းကြောင့်လည်းကောင်း၊ 12မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့၏ မျက်မှောက်၌ ပြသခဲ့သော တန်ခိုးကြီးမားသောလက်နှင့် ကြီးစွာသောကြောက်မက်ဖွယ်အမှုအပေါင်းကြောင့်လည်းကောင်း ထူးခြားသတည်း။